Saturday, April 11, 2009

"အရင်းအနှီး"

စက်ရုံအသစ်ကြီးတွေ
အမြစ်က စတည်ရအောင်
ငါတို့ ထွက်ခဲ့ကြတယ်
လက်ဗလာ၊ ခြေဗလာ ပေမယ့်
အကြံဥာဏ် အသစ်စက်စက်တွေ ကိုင်စွဲလို့
အသည်းနှလုံးတွေ တံတားခင်း
မျက်ရည် ပင်လယ်တွေ ဖြတ်ပြီး
ဆူးကြမ်းလမ်းပေါ် သွေးစက်တွေချန်ရင်း
ငါတို့ …….
အောင်မြင်စွာ ပြန်ခဲ့မယ်ဟေ့။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၃)
၂-၁၀-၂၀၀၂

Thursday, April 9, 2009

"အကယ်၍သာ….."

"ကောင်း" ရယ်
နှင်းသည်းတဲ့ နိုင်ငံမှာ
မောင်စိုက်တဲ့ အလွမ်းသစ်ပင်
ယှဉ်နိုင်သူ ယှဉ်ရော့ပဲ။
ရေခြား၊ မြေခြား
အို… ကမ္ဘာတောင် ခြားထားပြီပဲ
ရင်ထဲမှာ သွေးစက်လက်နဲ့
အလွမ်း ဒါဏ်ရာတွေ ဗလပွမို့
ဒီမောင်မှာ အခါခါ စိတ်တင်းလဲ
လွမ်းတေးဆို၊ ငိုချင်နေမိတုန်းပဲလေ။
ညနက်နက်တွေ တိုင်းလဲ
ကြယ်စင်တွေ ရေတွက်ရင်း
မိုးအလင်းမှာ အိမ်ပြန်ချင်မိတယ်။
တကယ်တော့
ဒီအလွမ်းတွေကို
ခွန်အားတွေ အဖြစ် ဖန်ဆင်းဖို့
တောင်ပံ တစ်စုံကို ဝတ်ဆင်ပြီး
ပျံသန်းခဲ့ပါ ချစ်သူရေ။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၂)
၃၀-၀၉-၂၀၀၂